မံစီ ဇွန် ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ပန်းချီပြိုင်ပွဲကို ကျောင်းသားကျောင်းသူ လူငယ်များက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုသိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်၊ အတွေးအခေါ်ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မား လာစေရန်နှင့် စာကြည့်တိုက်ကိုပိုမို အသုံးချတတ်လာပြီး အသိပညာဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၄)ဦးက မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သည့် မိမိတို့နှစ်သက်ရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစိန်မြင့်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးနှင့် ပန်းချီနည်းပြဆရာ ဦးဇော်လွမ်တို့က ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ကျောင်းသူများအားလုံးကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)