သထုံ ဇွန် ၁၉
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင် ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား/ကျောင်းသူများအား ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲများကျင်းပရသည့်ရည်ရွယ် ချက်နှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ ကျောင်းသားကျောင်းသူများနှင့် မူးယစ်ဆေး၏ အန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးကြောင့်ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ စသည့် မူးယစ်ဆေး၏အန္တရာယ်နှင့် ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြောပြိုင်ပွဲများ ပြုလုပ်ပေးရာ ဘင်လှိုင်ရပ်ကွက်၊ မော်ကျော့အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်း သားကျောင်းသူ ၁၅ ဦးတို့က နှစ်သက်ရာကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲအသီးသီးတို့အတွက် ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)