စဉ့်ကူး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း မြို့ဝင်မြို့ထွက် စိမ်းလန်း စိုပြည်သာယာလှပစေရေး အတွက် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီမှစ၍ စဉ့်ကူးမြို့အဝင် စဉ့်ကူး-လက်ပံလှ ကားလမ်းဘေးဝဲယာတလျှောက်နှင့် မန္တလေး-မိုးကုတ် ကားလမ်းဘေးဝဲယာ မိုင်တိုင်အမှတ် ၃၅/၅ မှ ၄၅/ ၆ အထိတို့တွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းဝင်းထွန်းတို့က သစ်ပင်စိုက်ပျိုးပေးကြမည့် တက်ရောက်လာကြသူများထံသို့ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကံ့ကော်၊ စိန်ပန်းနှင့် ခရေပင် စသည့်အရိပ်ရပင် စုစုပေါင်း (၄၅၀)တို့အား ပေးအပ်ခဲ့ရာ တက်ရောက်လာကြသူများက လက်ခံရယူပြီး တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲသို့ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျော့ကျနိုင်စေရန်၊ ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်၊ မြို့ဝင်မြို့ထွက်စိမ်းလန်းစိုပြည် သာယာလှပစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။
စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၄၀ဝဝဝ ပျိုးထောင်ထားရှိပြီး စိုက်ပျိုးလိုသူ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များသို့ အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း စဉ့်ကူးမြို့နယ် သစ်တောဦးစီး ဌာနမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)