သီပေါ ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ မိသားစုဝင်ငွေ တိုးတက်ရရှိစေရေး၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ သီးနှံများကို ဒေသခံအကျိုးဆောင်တောင်သူများနှင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဘော်ကြို ကျေးရွာ ဒေါ်နန်းဌေး၏ယာမြေတွင် (၂၇)ရက်သားရှိ မိုးနေကြာသီးနှံမျိုးစေ့ထုတ်(ဆင်းရွှေကြာ-၂) စံပြစိုက်ခင်းအား မြေဩဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ဘောင်တင်ခြင်းများကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏ယာမြေတွင် မေလ(၂၃)ရက်နေ့က မိုးနေကြာသီးနှံမျိုးစေ့ထုတ်(ဆင်းရွှေကြာ-၂)စံပြကွက်(၁)ဧကကို စတင်စိုက်ပျိုး ဆောင်ရွက်ခဲ့ရာ ယခုအခါ (၂၇)ရက်သားရှိပြီဖြစ်ကြောင်း၊ အပင်များ ရှင်သန်ကြီးထွား၍ မျိုးကောင်းမျိုးသန့်များ ရရှိစေရန် မြေဩဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ဘောင်တင်ခြင်းများကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကာ နည်းစနစ်များအား ပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မိုးသီးနှံနေကြာကို(၆၂)ဧက စိုက်ပျိုးရန်လျာထားပြီး မိုးသီးနှံနေကြာနှင့် ဆောင်းသီးနှံနေကြာကို (၁၆၈)ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ တောင်သူများအား စိုက်နည်း စနစ် မှန်ကန်စေရေး၊ အထွက်ကောင်းမျိုးများ သုံးစွဲရေး၊တစ်ဧကအထွက်နှုန်း တိုးတက်စေရေး တို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ လက်တွေ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိုးနေကြာသီးနှံ စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာများအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ခင်လေး