မချမ်းဘော့မြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော‌ ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

မချမ်းဘော့ ဇွန် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် မချမ်းဘော့မြို့ အ‌ခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်းက အဖွင့်အမှာ စကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိရှိထားသည့် အရာများကို မှတ်သားရမည်၊ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရှောင်သင့်သည့် အရာများကို‌ရှောင်ပြီး ဆောင်သင့်သည်များကို ဆောင်ရမည်ဖြစ်ကြောင်းနှင့် ပထမဦးဆုံး စိတ်ဓာတ်ပိုင်းကောင်းမှ အတွေးအခေါ်ပိုင်းနှင့် လုပ်ဆောင်ချက်များအောင် မြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မချမ်းဘော့မြို့နယ်  မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်နိုင်ဦးက  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးအဓိက အုပ်စုကြီး(၃)ခု အကြောင်း၊ ဘိန်း၏ ရေရှည်အကျိုးဆက်များ၊ ဆေးခြောက်သုံးစွဲသူ၏ လက္ခဏာများ၊ ဆေးခြောက်ဆိုးကျိုးအန္တရာယ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ရေရှည်သုံးစွဲလက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆိုးကျိုးအန္တရာယ်၊ မူးယစ်ဆေးဝါး ဥပဒေအရ ပြစ်မှုပြစ်ဒဏ်၊ မူးယစ်ဆေးဝါး ပပျောက်ရေးနည်းပျူဟာ (၃)ရပ်နှင့် ကျောင်းသား လူငယ်များ သိရှိလိုက်နာသည့် အချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မချမ်းဘော့မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းကျော်အောင်က မချမ်းဘော့ မြို့နယ်တွင် ယာဉ်တိုက်ခိုက် မှုဖြစ်စဉ် ရှားပါးသော်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆိုင်ကယ်အသုံးပြုလျှင် လိုက်နာရမည့် အချက်များ၊ ယာဉ်မတော်တဆဖြစ်မှုကြောင့် တွေ့ကြုံရသည့် ပြဿနာများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်စဉ်များတွင် လိင်ကျွန်အဖြစ် ရောင်းစားခံရမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများ ဖြစ်ပွားနိုင်ပြီး ပြစ်မှုကျူးလွန်သူ အားလည်း ကြီးလေးသော ပြစ်ဒဏ်များ ခံရနိုင်မှုများအား ပရိုဂျက်တာဖြင့်  အကျယ်တဝင့် ရှင်းလင်းပြောကြားကာ ကဏ္ဍအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ထို့နောက် မချမ်းဘော့မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေမှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်