ပန်ဝါမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချီဖွေ ဇွန် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ပန်ဝါမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၂)နာရီတွင်  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းမင်းအောင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးရေး အသိ ပညာပေးခြင်းကို လည်ကောင်း၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းဇံက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းကို လည်းကောင်း အသီးအသီးဟောပြောခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ နယ်မြေရဲ စခန်းမှူး ရဲအုပ် ထွန်းမင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါင်ညွယ်၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေခမွန် (ပြန်/ဆက်)