စစ်တွေ မေ ၁၈
စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးမှစတင်ကာ နေရာ(၅)နေရာ သတ်မှတ်ပြီး ဆောင်ရွက်ကြသည်။
စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအား ပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ စုပေါင်းပါဝင်အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ကြသည်။
အဆိုပါစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စစ်တွေမြို့ကမ်းနားလမ်း၊ စာတိုက်ကြီးအနီးမှ စတင်ကာ ကမ်းနားလမ်းတစ်လျောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင် လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ၊ ပလတ်စတစ်အိပ်များ၊ ကမ်းခြေအနီးရှိ စွန့်ပစ်အမှိုက်ကို မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ အမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေမြို့၊ ကမ်းနားလမ်း စာတိုက်ကြီးအနီးမှ စစ်တွေဟိုတယ်ကမ်းခြေအထိ နေရာ ၁၀ နေရာတွင် လူဦးရေ ၅၀၀ ကျော်တို့က စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း