တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိရန်  စာဖတ်ဝိုင်းဆောင်ရွက်

တပ်ကုန်း  ဇွန် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍  မြို့နယ်အတွင်းရှိ  စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ကာ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည် “လူငယ်နဲ့အခွင့်အလမ်း”စာအုပ်ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့်(မြကျောက် အေးချမ်း)၊ ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည် “လူငယ်နဲ့ အခွင့်အလမ်း”  စာအုပ်တွင်ပါရှိသည့် လူငယ်နဲ့အခွင့်အလမ်း၊ ကံ၊ကံရဲ့အကျိုး၊ အားတက်အောင် စကားလက်ဆောင်၊ အဆိုးနဲ့အကောင်း၊ လူ့တန်းဖိုး၊ အောင်မြင်မှုရယူခြင်း၊ ဘဝထဲကသင်ခန်းစာ ခေါင်းစဉ်များနှင့်အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်