တကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

တကောင်း ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community  Centre) ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ အား ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်သီရိအောင်မှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊  ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များ ရရှိစေရန် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊‌ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ  တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူ များမှ ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များ ခင်းကျင်ပြသထားရှိမှုအား လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။

သီရိအောင်(တကောင်း)