ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ဒဂုံတောင် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်းအချို့၌ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ abate ဆေးခတ်ပေးခြင်းများကို ယမန့်နေ့ မွန်းလွဲ ()နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်း များတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခြင်ဆေးမှုတ်ခြင်း၊ abate ဆေးခတ်ပေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများဖြစ်သော အလက(၉) စာသင်ကျောင်း၊ အမက(၂၅)စာသင်ကျောင်း၊ အလက(ခွဲ)ရွာသာကြီး စာသင်ကျောင်းနှင့် အမက(၂၈) စာသင်ကျောင်းများအတွင်းရှိ ခြင်များခိုအောင်းပေါက်ဖွားနိုင်သော နေရာများ၊ ဘုရားပန်းအိုးများ၊ သုံးရေအသုံးပြုလျက်ရှိသော ရေစည်ရေအိုးများတွင် အဘိတ်ဆေးများ ခတ်ပေးပြီး စာသင်ခန်းများအလိုက် ခြင်ဆေးမှုတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ ခြင်ဆေးမှုတ်ခြင်းနှင့် abate ဆေးခတ်ပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ သွေးလွန် တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ရောဂါ ဘယကင်းစွာ ဆက်လက်ပညာသင်ယူ နိုင်မည် လည်း ဖြစ်သည်။

ထို့သို့ ခြင်ဆေးမှုတ်ခြင်းနှင့် abate ဆေးခတ်ပေးခြင်းတို့ကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျောင်းများတွင်လည်း ဆက်လက်လိုက်လံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)