တောင်ဥက္ကလာပ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြား ပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း ခြင်များ ပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်း များအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း/အပြင် ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ထက်ထက်