မိုင်းလုံ ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၂ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ကျောင်းသား/ ကျောင်းသူများသည် နောင်တစ်ချိန်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်၏ အခန်းကဏ္ဍ များတွင် အဓိကအားထားရမည့်သူများဖြစ်သည့်အတွက် မူးယစ်ဆေးဝါး အစဆေးလိပ်က ဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းမပြုလုပ်ကြရန်၊ အရက်သေစာများမသောက်ကြရန်၊ မူးယစ်ဆေးဝါး၏နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဥပဒေအရ အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကိုလည်းပြသပြီး ဟောပြောပွဲတွင် မိုင်းလုံမြို့ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်