နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်သည့် ဆိုးကျိုးအန္တရာယ်များအား လည်းကောင်း၊ ဦးလူမော် ဓါတ်ပုံကျွမ်းကျင် (၂)မှ  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများနှင့်၊ ဥပဒေအရအရေးယူခံရနိုင်သည့် အကြောင်းအရာများအား အများပြည်သူအသိပညာတိုးပွားစေရေး ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများ ပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်း ထံက သိရသည်။

လူမော် (ပြန်/ဆက်)