ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်

မောင်တော ဇွန် ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ်နှင့် အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှုရှိစေရေး အတွက် ရှေ့တန်းအမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးမှ ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၆)အခြေခံပညာ မူလတန်း(လွန်)ကျောင်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ရှေ့တန်းအမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန်းလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် ဦးဦးခင်မောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ ပြည်သူများ  စုစုပေါင်းအင်အား ၂၃၀ ခန့်က စုပေါင်း၍ အဖွဲ့(၂)ဖွဲ့ ခွဲကာ အမှတ်(၆) အခြေခံ ပညာမူလတန်း(လွန်)ကျောင်း ခြံဝင်းအတွင်း အပြင်ရှိ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား သန့်ရှင်း သာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူခြင်း၊ တံမြက် စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး မဟာဗန္ဓုလလမ်း နှင့်  ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းဘေးဝဲယာ တစ်လျှောက်တွင်လည်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တာဝန်ရှိသူများက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များကို ကောက်ယူပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)