ဘူးသီးတောင် ဇွန် ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူး၍ အခမ်းအနားမှူး သင်တန်းကို လူထုအခြေပြုဗဟိဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁) နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဘူးသီးတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မသန်းစောက အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က အခမ်းအနားမှူး ရွေးချယ်သည့်အခါတွင် အသံသြဇာနဲ့ ပြည့်စုံသည့် သူကို ရွေးချယ်ရမှာဖြစ်ပြီး ဥပဓိရုပ်ကောင်းသောသူဖြစ်ရန်လည်း လိုအပ်ကြောင်း၊ အခမ်းအနားမှူးသည် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း အခမ်းအနားများတွင် အစီအစဉ်များအား ပြီးဆုံးသည်အထိ တည်ငြိမ်အေးချမ်းစွာဖြင့် ဆောင်ရွက်နိုင်သည့်သတ္တိရှိမှ အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်း ပြည့်စုံမည် ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားမှူး သင်တန်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က Master of Ceremony(MC)တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းအကြောင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့် အမြင့်အသုံးအနှုန်းများအကြောင်းကို စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပြသ ပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့်စိတ်ပါဝင်စားသူများ စုစုပေါင်း(၁၅)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၇-၆-၂၀၂၂)ရက် နေ့မှ(၂၀-၆-၂၀၂၂)ရက်နေ့ထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်