ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေး နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းသည့် ပင်မရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     ဇွန် ၁၇

ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး ဧရာဝတီမြစ်ရေသည် ဇွန် ၁၆ ရက်နေ့ နံနက် ၆ နာရီတိုင်းထွာချက်အရ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအောက် ၉၄၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှကြိုတင်ကာကွယ်နိုင်ရေး၊ မြို့ပေါ်ရပ်ကွက်များတွင် ရေဝပ်တင်ကျန်မှုမရှိစေရေး ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်း မွန်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ (၃)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်း ဒူကထောင်ရေနှုတ်မြောင်း၊ အမှတ် (၁)နှင့် အမှတ် (၂)မြောင်းမကြီးများ ဆုံသည့် နေရာမှတစ်ဆင့် မြို့သစ်ရပ်ကွက်၊ မင်္ဂလာလမ်း၌ ကွက်သစ်မြောင်းအတွင်း ထပ်မံပေါင်းဆုံသည့် နေရာများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း နှင့် မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးတို့က နှစ်စဉ် ရေဝပ်တင်ကျန်သည့် နေရာများတွင်ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လက်တံမြောင်းငယ်များ ရှင်းလင်းနိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၅)အတွင်း နှစ်စဉ် မိုးရွာသွန်းမှု များပြားလာပါက ရေဝပ်တင် ကျန်လေ့ရှိသည့် နေရာများမှ ရေများကို ကြက်ပေါင်ခြံ ရေမြောင်းနှင့် ချိတ်ဆက်၍ ဧရာဝတီမြစ်အတွင်း စီးဆင်းစေရေး အရှည်ပေ ၈၀၀၀၀ ရှိ ကျောက်စီ ရေနှုတ်မြောင်း ဖောက်လုပ်ပေးနိုင်ရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ခေမာသီရိလမ်းသွယ် ၁၃ နေရာ၌ ရမ်ပူနှင့် ခေမာသီရိရပ်ကွက်ကြားရှိ ရေဝပ်အိုင်ဖြစ်ပေါ်သည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် လယ်ကုန်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာပါက နှစ်စဉ်မြစ်ရေ စတင်ဝင်ရောက်သည့် မြစ်ရေဝင်ပေါက်နေရာ၌ ရေဝင်ရောက်မှုမရှိစေရေး ယာယီ‌တာရိုးလမ်းဖောက် လုပ်ထားရှိမှုနှင့် ဧရာဝတီမြစ်ရေဝင်ရောက်နိုင်မှု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး တာရိုးပတ်လမ်းဖောက်လုပ်နိုင်ရေးနှင့် မြစ်ရေဝင်ရောက်သည့်နေရာနှင့် မြို့တွင်းမြောင်း မကြီးများ ရေထွက်ပေါက်နေရာများတွင် ရေထိန်းတံခါးများ တပ်ဆင်ဖောက်လုပ်နိုင်ရေး မြေပြင် အခြေအနေကို ကွင်းဆင်းတိုင်းတာစစ်ဆေး၍ တင်ပြဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် အနောက်လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်ကြား အနောက်လယ်ကုန်းလမ်းပေါ်ရှိ လယ်ကုန်းရပ်ကွက် ရေဝပ်တင်ကျန်သည့် နေရာများမှ ရေများကို ဧရာဝတီမြစ်အတွင်းသို့ ဖောက် ထုတ်ထားသည့် ပေ ၁၈၀၀၀ အရှည်ရှိ မြောင်းမကြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မိုးသည်းထန်စွာရွာသွန်းမှု ပိုမိုများပြား လာပါက ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ကြိုတင်အစီအမံရေးဆွဲဆောင်ရွက်ထားကြရန်၊ လိုအပ် လာပါက လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အလေးထားလုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင်း မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ သည် ဇွန် ၁၆ ရက်နေ့က စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအောက် ၉၄၅ စင်တီမီတာထိ မြင့်တက်လာ ရာမှ  ယနေ့ ဇွန် ၁၇ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ မှတ်အောက် ၉၁၆ စင်တီမီတာထိ လျော့နည်းကျဆင်းသွားကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

ပြည်နယ်ပြန်/ဆက်