ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တောင်သူများအား ယူရီးယာမြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးရောင်းချနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်သင်းသင်းအေးက စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးထိခိုက်မှုသက်သာရေး စီးမံချက် (CERP)၏ ၂.၁.၇ အရ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချသွားရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့ရေး စီမံဆောင်ရွက်ထားမှုများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံ ခန့်ခွဲရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဓာတ်မြေဩဇာများ ဝယ်ယူလိုပါက ကျောက်ဆည်မြို့နယ်အနေဖြင့် အရောင်းကိုယ်စားလှယ် ရရှိထားသည့် ထက်အာကာအောင် ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်တွင် (50Kg)ပါ ယူရီးယာမြေဩဇာ(၁)အိပ်အား ငွေကျပ် ရှစ်သောင်းရှစ်ထောင်ခြောက်ရာကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)