ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား ၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် ၁၇

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

ဖွင့်ပွဲ အခမ်းအနားတွင် အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား အလေးပြုကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွက်ချက်များမှာ မိမိတို့နိုင်ငံတော်၏ ကိုယ်စားပြုနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဘောလီဘော အားကစားသမားများ အချင်းချင်းစုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှုရရှိကြပြီး၊ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေးတို့ အတွက်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓါတ် အပြည့်အဝနှင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွ စည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစားလိုက်နာကြရန်နှင့် ယခု ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများ၊ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က  ပြိုင်ပွဲအား အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစား သစ္စာအဓိဌာန် (၄) ချက်ရွက်ဆိုကြ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်လူကြီးများအား ရင်းနှီးနှီးလိုက်လံနုတ်ဆက်ကြပြီး ဖျော်ဖြေရေးအစီအစဉ်ဖြင့် တင်ဆက်ရာ ကိန္နရီ  ကိန္နရာ၊ တိုးနယား ၊ ရှမ်းကြီး သိုင်းအက နှင့် ပညာရေးဒီဂရီ ကောလိပ်မှ တိုင်းရင်းသား ၊ တိုင်းရင်းသူများက ထာဝရ သစ္စာသီချင်းဖြင့် စုပေါင်းကပြေဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က ဖျော်ဖြေရေးအဖွဲ့အား တစ်ဖွဲ့လျှင် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၅) သိန်းစီ ချီးမြှင့်ခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲ ပထမ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ် အသင်းတို့ ယဉ်ပြိုင်ကစားနေမှုကို ကြည့်ရူအားပေးခဲ့သည်။ အဆိုပါ ပွဲစဉ်ပထမနေ့ ပြိုင်ပွဲ ရှမ်းပြည်နယ် အသင်းမှ ကရင်ပြည်နယ် အသင်းကို (၃) ပွဲပြတ် အနိုင်ရရှိကြောင်းသိရသည်။ ပြိုင်ပွဲကို အုပ်စု(၄) စုခွဲ၍ ပြိုင်ပွဲဝင် အမျိုးသား  (၁၄) သင်း ၊ အမျိုးသမီး (၁၄) သင်း စုစုပေါင်း (၂၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်လ (၁၇) ရက်မှ (၂၂) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပြိုင်ပွဲ (၆) ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)