မီးဘေးလုံခြုံရေးဆိုင်ရာစစ်ဆေးခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ညောင်ဦး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ Heritage Bagan Hotel ၊ Sakura Hotel နှင့် Aureum Palace Hotel တို့တွင် ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သောမီးသတ်ဝန်ထမ်းများသည် ဟိုတယ်များမီးဘေးလုံခြုံရေးဆိုင်ရာနှင့် အရေးပေါ်လွတ်မြောက်မှုဆိုင်ရာတို့အတွက် စီမံဆောင်ရွက်ထားရှိသည့်အခြေအနေများအား ယနေ့နံနက် ၁၁ နာရီအချိန်က ဟိုတယ်မန်နေဂျာများ၊ M&E တာဝန်ခံများနှင့်အတူ လှည့်လည်စစ်ဆေးခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှုဖြစ်ပွားလာပါက အဆင်သင့်တပ်ဆင်ထားသော အချက်ပေးစနစ်များအသုံးပြု၍ ဟိုတယ်အတွင်းရှိ ဝန်ထမ်းအားလုံးအချိန်မီသိရှိစေရေး တပ်ဆင်ထားရှိသော FIRE Alarm System များအား လက်တွေ့အသုံးပြုနည်း၊ Fire Hoose Reel မီးသတ်ရေပက်ပိုက်လိပ်များဖြင့် ကိုင်တွယ်အသုံးပြုမီးငြှိမ်းသတ်တတ်စေရန် လေ့ကျင့်ပေးခြင်း စသည်တို့အား လက်တွေ့ဇာတ်တိုက်လေ့ကျင့်ပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ဟိုတယ်များအလိုက် လာရောက်တည်းခိုနေထိုင်ကြသော ပြည်သူများဘေးကင်းလုံခြုံရေးနှင့်အရေးပေါ်လွတ်မြောက်မှုဆိုင်ရာတို့အတွက် တပ်ဆင်ထားရှိသော ပစ္စည်းကိရိယာများ ကြံခိုင်ကောင်းမွန်အသင့်ရှိစေရေး ပုံမှန်စစ်ဆေးဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်သွားကြရန်၊ ရေလုံလောက်စွာရရှိရေးအတွက် စီမံဆောင်ရွက်သွားကြရန်၊ ထပ်မံဖြည့်စွက်ဆောင် ရွက်ရန်လိုအပ်သည်များအား ဆက်လက်ဖြည့်စွက်ဆောင်ရွက်သွားကြရန်တို့အား အကြံပြု ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါကွင်းဆင်းစစ်ဆေးခြင်းအား ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်(လက်ထောက်ညွှန်ကြားရေးမှူး) နှင့်မီသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ စုပေါင်းဇာတ်တိုက်လေ့ကျင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ