မင်္ဂလာဒုံ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ဖြစ်သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးဦးစီးဌာန တာဝန်ရှိသူများမှ ယနေ့ နံနက် (၆) နာရီအချိန်က စာစစ်ဌာန (၈) ခုတွင် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာ ထားရှိပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ စာစစ်ဌာနတစ်ခုဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို မျှော်လင့်ချက်များစွာဖြင့် လာရောက်ကြည့်ရှုသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်းများ နှင့်အညီ လာရောက် ကြည့်ရှုကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင်၊ ၂၀၂၂ခုနစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက် နေ့ထိပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား စာစစ်ဌာန (၈) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၅၃) ဦးရှိသည့်အထဲမှ ၆ ဘာသာဂုဏ်ထူးရှင် (၁၀) ဦး အပါအဝင် (၁၆၈၁) ဦးတို့ ဖြေဆိုအောင်မြင်ကြောင်း တစ်မြို့နယ်လုံး အောင်မြင်သည့် ရာခိုင်နှုန်း (၅၁.၆၈) ရာခိုင်နှုန်းဖြင့် အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို အကြောင်းအမျိုးမျိုးကြောင့် လာရောက်မကြည့်ဖြစ်ပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဝဘ်ဆိုက် ဖြစ်သည့် www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ အောင်စာရင်း နှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဖုန်းနံပါတ် ၀၁-၆၅၃၅၀၉ နှင့် ၀၉-၄၃၁၄၀၂၂၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ )