ကျိုက်ထို ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇွန်(၁၇)ရက် နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျိုက်ထို မြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ စာရင်းလာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ၊ ပညာရေးဌာနမှ ၀န်ထမ်းများက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၃၀)ဦးရှိကာ အောင်မြင်သူ(၅၂၅)ဦး ရှိပါသည်။ ယင်းအပြင် ငါးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၉ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၅၉ ဦးရှိပြီး စုစုပေါင်းဂုဏ်ထူးရှင် (၂၂၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။
၀င်းမောင်(ကျိုက်ထို)