ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကျောက်ဆည် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့မွန်းလွဲ(၁)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ခေါင်းဆောင်မည့်လူများဖြစ်သည့်အတွက် မူးယစ်ဆေးဝါး အစဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းမပြုလုပ်ကြရန်၊ အရက်သေစာများမသောက်ကြရန်၊ မူယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ကျရန်အတွက် မူးယစ်ဆေးဝါးသုံစွဲသူများနှင့်မိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ကြရန်၊ မည်သည့်မူးယစ်ဆေးဝါးကိုမျှ စမ်းသပ်သုံးစွဲလိုသည့် သဘောနှင့်မသုံးစွဲကြရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော စိတ်ဆိုးလွယ်ခြင်း၊ အလန့်တကြားဖြစ်ခြင်း၊ အသက်ရှုမြန်ခြင်း၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးလာခြင်း၊ ခေါင်းကိုက်ခြင်း၊ အစဉ်အလာမဟုတ်သောမူမမှန်ခြင်းဖြင့် တစ်ခါတစ်ရံ အလွန်ကြမ်းတမ်းစွာပြုမူတတ်ခြင်း၊ ပြင်းထန်စွာအကြောတတ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အတွင်းသွေးယိုခြင်း၊ အသည်းပျက်စီးခြင်း၊ ရူးသွပ်ခြင်း၊ ရုတ်တရက်သေဆုံးခြင်းများအကြောင်းနှင့် မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ်ရှိသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာကွယ်ကြစေရေးပြောကြားခဲ့ကြောင်းနှင့်တက်ရောက်လာသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)