သိန္နီ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်း၌ စာရင်းရှိ (၂၄၀)ဦးမှ ဝင်ရောက်ဖြေဆိုသူ (၂၁၉)ဦးရှိရာ(၈၆)ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၁.၀၅)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တစ်ပြိုင်နက်ကပ်ထား ကြေညာပေးလျက်ရှိကြောင်း သိရသည်။ သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် နှစ်ဘာသာဂုဏ်ထူး ရှင်(၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၅)ဦး စုစုပေါင်း(၁၈)ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကပ်ထားရာ ကျောင်းများသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကိုကို၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာကျောင်းများသို့ အောင်စာရင်းလာရောက်ကြည့်ရှုသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ တာဝန်ကျ ဆရာ/ဆရာမများ လုံခြုံရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)