ရန်ကုန် ဇွန် ၁၇
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးတစ်ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီးနှစ်ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြသည့် ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရင်ပြင်တော်ရာဟုထောင့်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထိုနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဌေးလှိုင်က ဂုဏဝိသိဌပူဇာ မင်္ဂလာစကား လျှောက်ထားသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး သုံးပါးတို့၏ ထေရုပ္ပတ္တိတို့ကို ဖတ်ကြားလျှောက်ထားပြီး ထပ်ဆင့်ချီးကျူးဂုဏ်ပြုခံရသည့် ဆရာတော်များ ဖြစ်ကြသည့် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ရ ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ရွှေတောင်တိုက်သစ်ကျောင်းဆရာတော် ဘဒ္ဒန္တထေရဝံသာဘိဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီရိဝေလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဿုသ ၁တို့အား တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှုဒါန်းကြသည်။
ထို့နောက် အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ အနုမော ဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်ဌေး (ပြန်/ဆက်)