မိုးညှင်းမြို့၌ ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

မိုးညှင်း ဇွန် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က ခရိုင်အမျိုးသမီး ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများလက်ခံရယူပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ပါက ပြည်နယ် အမျိုးသမီး ကော်မတီသို့တင်ပြခြင်း၊ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီနှင့် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်နွယ်နွယ်အောင်က ကျား/မ အခြေပြု အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အကြမ်းဖက်မှုအကျိုးဆက်များ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းများ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များအား အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)