အမ်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၄၁.၅၇ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ

အမ်း ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ စာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး၏ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီ အချိန်မှ စတင်ထုတ်ပြန်လျက်ရှိရာ အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင် စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ လာရောက် ကြည့်ရှု့လျက် ရှိသည်။

အမ်းမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၃၄ ဦးရှိရာ အောင်မြင်သူ ၈၀၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၁.၅၇ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

 တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဘာသာစုံ ဂုဏ်ထူးရှင် တစ်ဦး၊  လေးဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၂ ဦးနှင့် တစ် ဘာသာ ဂုဏ်ထူးရှင် ၂၆၈ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုးမင်းထွန်း