မာန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၃၇ ဦးရှိ

မာန်အောင် ဇွန် ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများစာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ယနေ့ နံနက် ၆ အချိန်မှစတင်၍ထုတ်ပြန်ရာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲတွင် မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား/ကျောင်းသူ ၁၁၆၃ ဦး ဝင်ရောက်ဖြေဆိုရာအောင်မြင်သူ ၅၃၇ ဦးရှိသည့်အနက် ဘာသာစုံဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၆) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၅) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၃၀) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၄၈) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၄၆•၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)