လှည်းကူးမြို့နယ်၌ မုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

လှည်းကူး ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းပြီ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်၊ ကျောက်အိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေးက ခရိုင်အတွင်းသင်တန်းများ ဖွင့်လှစ်နိုင်မှုအခြေအနေအား ရှင်းလင်းပြောကြားပြီးနောက် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်းနည်းပြဆရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက သင်ကြားမည့်ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် မုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် ကျောက်အိုင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား / သင်တန်းသူ (၁၅) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်လ (၁၅) နေ့ရက်မှ (၂၁)ရက် နေ့အထိ (၇)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)