မောင်တော ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ်နေရာများတွင် ဆက်လက် ထိုးနှံ ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ဆရာ၊ ဆရာမများမှ စာရင်းများ မှတ်ယူခြင်း၊ ကျောင်းသား မိဘများထံမှ ခွင့်ပြုချက်ရယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် အခြေခံပညာ ကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ဆရာ/မ များ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အခြေခံပညာ ကျောင်းများဖြစ်သော စံပြ ကညင်တန်း(မူလွန်)ကျောင်း နှင့် တရိန်း(အမက) ကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂) ကြားရှိ ကျောင်းသား/သူ များအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား/သူ ၁၃၂၆ ဦးအား ဆက်လက် ထိုးနှံပေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား/ သူ ၁၅၁၆၉ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်းသား/ သူများအား ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)