ရွှေကူ ဇွန် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဦးတိုးတိုးထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယမန်နေ့ ညနေ (၂)နာရီခွဲအချိန်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ် ကမ်းနံဘေးတစ်လျောက်ရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါနှိုးဆော်မှုတွင် ရွှေကူမြို့အတွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ နေ့လည် (၁၂)နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် (၈၃၁)စင်တီမီတာသို့ ရောက်ရှိနေပြီး ရွှေကူမြို့၏ စိုးရိမ်ရေအမှတ်မှာ (၉၃၀) စင်တီမီတာ ဖြစ်ပါသောကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၃)ပေကျော်ခန့်သာ လိုအပ်တော့ကြောင်းနှင့် ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပါသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လူ၊ ပစ္စည်း၊ တိရိစ္ဆာန်များအား ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ထားကြရန်နှင့် ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်ပပသိန်း(ပြန်/ဆက်)