မြစ်သားမြို့တွင် တောင်သူများလက်ဝယ်အရောက် ဓာတ်မြေဩဇာဖြန့်ဖြူးနိုင်ရေး ချပြရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

မြစ်သား  ဇွန်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများလက်ဝယ် အရောက် ဓာတ်မြေဩဇာဖြန့်ဖြူးနိုင်ရေး ချပြရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဓာတ်မြေဩဇာများ ကို (၁၅)ရက်အတွင်း ဝယ်ယူနိုင်ကြောင်း၊ ဓာတ်မြေဩဇာ(၁)အိတ်လျှင် ၈၈၆၀ဝိ/နှုန်းထားဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ မိုးစပါးစိုက်   တောင်သူများ၊ ဆီထွက်သီးနှံနှင့်အခြားသီးနှံစိုက်ပျိုး သူတောင်သူများ လက်ဝယ်အရောက် အဓိကထားပြီး ရောင်းချသွားမည်ကို  အသေးစိတ်ဆွေးနွေး ပြောကြားသည်။ဆက်လက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းစိုးမှ လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးဆောင်ရွက်  ခဲ့ကြောင်းသိရသည်။

အဆိုပါ ဓာတ်မြေဩဇာဖြန့်ဖြူးနိုင်ရေး ချပြရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကများ ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။

သီတာအောင် (မြစ်သား)