နေပြည်တော် ဇွန် ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်နှင့်အတူ အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းများ တိုးတက်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ဌာန၏လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ဦးတည်၍ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားရမှာဖြစ်ကြောင်း၊ ထို့အတူ သင်တန်းတွင် သင်ကြားခဲ့ရသည့်အတွေ့အကြုံများကို မိမိဝန်ထမ်းများအား ပြန်လည် မျှဝေပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသား ခေါင်းဆောင်ထံ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက် အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ အရာရှိစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၂/၂၀၂၂)ကို နှစ်ပတ်ကြာဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး (၂၂)ဦး တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)