ဟိုပန်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပ

ဟိုပန် ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ​ကျောင်းသား၊ကျောင်းသူများအား  မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောက်တရားဆိုးကျိုးများနှင့် ရှောင်ရှားနိုင်စေရေးအတွက် အသိတရားများရရှိကြစေရန်နှင့် နိုင်ငံတော်၏ သားကောင်းရတနာများ ဖြစ်လာကြစေရန်တို့ကို ရည်ရွယ်၍ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး သုံးစွဲမိသောအကြောင်းအရင်းများ၊ သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် သုံးစွဲသူများတွင်ရရှိမည့် ရုပ်ပိုင်း၊စိတ်ပိုင်း ထိခိုက်မှုဆိုးကျိုးအန္တရာယ်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်  မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးမှတ်တမ်းပုံများစသည့် အသိပညာပေး နံရံကပ်စာစောင်၊ဓာတ်ပုံပြဘုတ်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှု့လေ့လာခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲ အခမ်းအနားသို့ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ Grade-5 ကျောင်းသား၊ ကျောင်းသူ(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)