ကျိုက်မရော ဇွန် ၁၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ခေတ်မီစံပြကျေးရွာရှိ မိုးသောက် ကြယ်ကျေးရွာစာကြည့်တိုက်သို့ သုတ/ရသစာအုပ် စာစောင်မျိုးစုံ (၁၉၆)အုပ်အား ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က အဆိုပါခေတ်မီ စံပြကျေးရွာစာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးသိန်းလွင်က စာအုပ်များလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ယခုလှူဒါန်းပေးသော သုတ၊ ရသစာအုပ်များကို သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာကောင်းပေမွန်များကို လေ့လာ ဖတ်ရူခွင့်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ Smart village ခေတ်မီစံပြကျေးရွာရှိ စာကြည့်တိုက်၌ စာအုပ်စာစောင်အသစ်များ ဖတ်ရူနိုင်ရန်အတွက် ဆက်လက်၍ လှူဒါန်းပေးသွားမည်ဖြစ်ရာ ကျေးရွာပြည်သူလူထုများမှ လေ့လာဖတ်ရူရန် လိုအပ်ကြောင်း စာ ဖတ်မှသာ လူမှုဘဝများ တိုးတက်မြှင့်မားလာမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ကျေးရွာစာကြည့်တိုက်ကော်မတီ တစ်ဦးထံ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး စာကြည့်တိုက်ကော်မတီကိုယ်စား အ.မ.က နတ်စမ်းကျောင်းအုပ် ဆရာမကြီးဒေါ်ငွေဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်၌ ဖွင့်လှစ်လျက်ရှိသော အခြေခံအိမ်တွင်းမှု လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း၌ သင်တန်းသားများ၏ လက်တွေ့လုပ်ဆောင်နေမှုများကို ကြည့်ရူအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)