မိုးညှင်း ဇွန် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အရပ်မှ မြောက်အရပ်သို့ ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းချောင်းရေသည် ယနေ့ နံနက် (၁၀)နာရီခန့်မှ စတင်ကာ မြို့ပေါ်ရပ်ကွက်များ၏ မြေအနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့တွင် နံနက်(၆)နာရီခွဲခန့်က မိုးလေဝသဌာနမှ တိုင်းထွာချက်များအရ မိုးရေချိန်သည် ၅ ဒဿမ ၃၁ လက်မနှင့် နန့်ရင်းချောင်း ရေအမှတ်သည် ၃၂၀ စင်တီမီတာအမှတ်သို့ ရောက်ရှိခဲ့ပြီး နံနက်(၁၀)နာရီခန့်တွင် ဆက်လက်တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် (၅၀၀)စင်တီမီတာအထိ ရေများဆက်လက်မြင့်တက်လာခဲ့သောကြောင့် နန့်ရင်းချောင်းဘေးရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် အရှေ့စုရပ်ကွက်များ၏ မြေအနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေများဝင်ရောက်သည့် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုးနှင့် အဖွဲ့များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်း များမှ လိုက်လံကြည့်ရှုကြပြီး အဖွဲ့များခွဲကာ ချောင်းရေနှင့် မလွတ်ကင်းသည့် လူနေအိမ်များအား ရေဘေးလွတ်ရာနေရာများသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ(၂)နာရီခန့်တွင် မိုးလေဝသဌာနမှ တိုင်းထွာချက်များအရ နန့်ရင်းချောင်းရေ အမှတ်သည် ၄၄၈ စင်တီမီတာအထိ အနည်ငယ် လျော့ကျလာခဲ့ကြောင်း၊ ယခုအချိန်ထိ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုများမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
ဇွဲသူရအောင်(ပြန်/ဆက်)