ထန်းတပင်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များ (အခမဲ့) ဖြန့်ဝေ

ထန်းတပင် ဇွန် ၁၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမ သီတာအေးပျိုး ဥယျာဉ်တွင် ပျိုးပင်ပေါင်းနှစ်သောင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ပျိုးထောင်ထားရှိပြီး ပျိုးထောင်ထားသည့် ပျိုးပင်များကိုလည်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရပ်ကွက်ကျေးရွာနေ ပြည်သူများအား (အခမဲ့) ဖြန့်ဝေပေးလျက် ရှိကြောင်း လည်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

လက်ရှိ ပျိုးပင်တွေစတင်ဖြန့်ဝေပေးတာကတော့ ဇွန်လ (၆) ရက်နေ့ကနေ စတင်ပြီးတော့ ဖြန့်ဝေပေးနေပါတယ်၊ ဖြန့်ဝေတဲ့နေရာမှာလည်း ပျိုးပင် (၁၃) မျိုးကို ဖြန့်ဝေပေးနေတာ လည်းဖြစ်ပါတယ်၊ ဖြန့်ဝေပြီး ပျိုးပင်ပေါင်းက ဒီနေ့အထိဆို ပျိုးပင်ပေါင်း (၃၂၇၀) ပင်ရှိနေပါပြီ လျာထားပျိုးပင်နှစ်သောင်း ကုန်တဲ့အထိကို ဆက်လက်ပြီးဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လွင်ထွန်းက ပျိုးပင်ဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းပြသည်။

သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေး ကိုအထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်များကို ပျိုးထောင်ထားရှိပြီး ယခုနှစ် မိုးရာသီကာလအတွင်း ပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေးနိုင်ရန်အတွက် ထန်းတပင်မြို့နယ် သီတာအေးပျိုးဥယျာဉ်တွင် ကျွန်းပင် (၂ဝဝဝ)၊ ပျဉ်ကတိုးပင် (၂ဝဝဝ)၊ မဟောဂနီပင် (၂ဝဝဝ)၊ ယူကလစ်ပင် (၁ဝဝဝ)၊ ပျဉ်းမပင် (၁၅၀၀)၊ ငုရွှေဝါပင် (၁ဝ၀ဝ)၊ မအူပင် (၁၀၀၀)၊ စိန်ပန်းပင် (၁၀၀၀)၊ ခရေပင် (၁၅၀၀)၊ အော်ရီရှားပင် (၁ဝဝဝ)၊ မန်ဂျန်ရှားပင် (၄ဝဝဝ)၊ ပင်လယ်ကဗွီးပင် (၁ဝဝဝ)နှင့် ပိတောက်ပင် (၁ဝဝဝ) စုစုပေါင်းပျိုးပင်နှစ်သောင်းတို့ကို ပျိုးထောင်ထားရှိ ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)