မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ် သမဝါယမဦးစီးဌာန၊ သမဝါယမသင်တန်းကျောင်း၌ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာရေးများ တိုးတက်မြင့်မားလာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာခြားမှုလျော့ချနိုင်စေရန်အတွက် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ဇွန်လ(၁၇)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုတက်ရောက် ပညာသင်ကြားမည့် စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင့်ကို အောင်မြင်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးအမျိုးကြောင့် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူများအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ဖြင့် ရှေ့ဆက် အသက်မွေးဝမ်းကြောင်း ပြုလုပ်နိုင်ရန်နှင့် ထူးချွန်သူများကို ရွေးချယ်ပြီး သမဝါယမကောလိပ်နှင့် သမဝါယမစီမံခန့်ခွဲမှု ပညာတက္ကသိုလ်ကို ပေါင်းကူးပြီး ဆက်လက်သင်ကြားနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ စာရင်းရေး၊ စာရင်းကိုင် သင်တန်းကို မွန်ပြည်နယ်မှာသာမက မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပုသိမ်မြို့တို့တွင် တစ်နေ့တည်း တစ်ရက်တည်း ပြိုင်တူဖွင့်လှစ်ကြမှာဖြစ်ကြောင်း၊ သင်တန်းကာလမှာ ၂နှစ်ဖြစ်ပြီး ကာလရှည် တက်ရောက်ကြမည့် သင်တန်းသား/သူများ၏ နေထိုင်စားသောက်စရိတ် သင်ကြားရေး ဆရာ/မ လိုအပ်ချက်၊ သင်ထောက်ကူ ပစ္စည်းအစရှိသည့် အခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးထားကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းသား/သူများမှ မိမိတို့၏ ရည်မှန်းချက်ကို အစ/ အလယ်/ အဆုံး အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်က အမှာစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြပြီး သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ထောက်ပံ့ပစ္စည်များနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆန်နှင့်ဆီကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စာရေးကိရိယာများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အားကစားပစ္စည်းများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်က ဝတ်စုံများကိုလည်းကောင်း၊ ပြည်နယ်သမဝါယမဦးစီးဌာနမှူးက ထောက်ပံ့ချီးမြှင့်ငွေများကိုလည်းကောင်း၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက ဖျာနှင့်ခြင်ထောင်များကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများက လက်ခံရယူကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းသား/သူများ၏ ကွန်ပျူတာသင်တန်း တက်ရောက်သင်ယူသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေး၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အား ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်
ခရိုင်ပြန်/ဆက်