ဗိုလ်တထောင် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က သဘာဝ ဘေးအန္တရာယ်များတွင် ရေဘေး၊ မုန်တိုင်းဘေး၊ မြေငလျင်ဘေး၊ မိုးကြိုးဘေး၊ ဆူနာမီဘေးအန္တရာယ်နှင့် အခြားတွေ့ကြုံရသည့် ဘေးအန္တရာယ်တွေကို သိရှိစေရန်၊ ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရန်၊ ဖြစ်ပေါ်ပြီးနောက် လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးပြောကြားပြီး အသိပညာရရှိ ရန်ပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သဘာဝဘေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ရာ အမက (၆) ကျောင်းမှ တက်ရောက်သူ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
နံရံကပ်စာစောင်တွင် မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် အန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကို ရုပ်ပုံကားချပ်များဖြင့် အသိပညာပေး ပြသထားကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ခြင်းဖြင့် မိုးရာသီတွင် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို ရှောင်ရှားနိုင်ရန် အသိပညာရရှိကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)