ဒဂုံ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသန္တာမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမောင်ကျေးဇူးရေးသားသော လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများ၊ သိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်ကြစေရန်၊ စာပေမှရသော အသိအမြင်ဗဟုသုတများကိုအသုံးချ၍ တန်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့်ဗဟုသုတများဖြင့်အမှား၊ အမှန်ခွဲခြားနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
မေသန္တာ