ရပ်စောက် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား နယ်လှည့်ဆေးကုသပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အပတ်စဉ် အလှည့်ကျဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပါမဲကျေးရွာအုပ်စု တပ်ဦးကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှအမှတ်(၄) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၁၁)ဦးနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများက ပြည်သူ(၄၈)ဦးအား ဆေးကုမှုဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ပြည်သူ (၉၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု(၂၅)စုနှင့် မှတ်ပုံတင်(၂)ခုတို့ကို ပြုလုပ်ပေးနိုင်ခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ဖြင့် အကျိုးခံစားသူစာရင်းသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ရာ ကိုယ်ဝန်ဆောင်မိခင် (၄၀)ဦးနှင့် ကလေးငယ်(၅၇)ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့ဌာနအလိုက် သက်ဆိုင်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်စွာဦး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)