မိုင်းဆတ် ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းက လူသားများအနေဖြင့် ပလတ်စတစ်အသုံးပြုမှု တတ်နိုင်သမျှ လျော့ချသုံးစွဲစေလိုကြောင်း၊ ပလတ်စတစ်သည် ဆွေးမြေ့ပျက်စီးရန် ကာလကြာရှည်ပြီး လူသားများ၊ တိရစာ္ဆန်များနှင့် ပတ်ဝန်းကျင်ကိုညစ်နွမ်းစေကြောင်း၊ ပလတ်စတစ်သုံးစွဲပြီးပါက စနစ်တကျစွန့်ပစ်စေလိုကြောင်း အသိပညာပေးဟောပြောပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပန်းအိသွယ်က မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်သာယာလှပမှုရှိစေရန် လူသားတို့လိုက်နာသင့်သည့် စည်းကမ်းကျင့်ဝတ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး ဟောပြောပွဲသို့ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့်တက်ရောက်ကြပြီး သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဟောပြောသူတို့က စနစ်တကျ ပြန်လည်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)