Cash  For Work  စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့် ကော်မတီဝင်များရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ဥတ္တရသီရိ ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၁နာရီတွင် Cash For Work စီမံကိန်းဆောင်ရွက်မည့် ဘုရားတောင်ကျေးရွာသို့ သွားရောက်၍ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာအဆင့်ကော်မတီဝင်များရွေးချယ်ခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းတာဝန်ခံမှ စီမံကိန်းကာလ အကျိုးခံစားခွင့်ရှိကျေးရွာ/အိမ်ထောင်စုများရွေးချယ်ရာတွင် စံထားရမည့်အချက်များ၊ စီမံကိန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ စောင့်ကြည့်ကြီးကြပ်ခြင်း အစီအစဉ်၊ တိုးတက်မှုအစီအရင်ခံစာ၊ ဝေဖန်အကြံပြုတိုင်ကြားခြင်းများနှင့် ကော်မတီဝင်များ ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် အရည်အချင်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး ကော်မတီဝင်(၇)ဦးအား ကျေးရွာပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်ရာတွင် အကျုံးဝင်သော ကျေးရွာအခြေခံအဆောက်အအုံလုပ်ငန်းများ ကုန်ထုတ်လုပ်မှုနှင့်ဆက်စပ်သော အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် အကျုံးမဝင်သော စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြီး ကျေးရွာမှ အဆိုပြုတင်ပြသည့်လုပ်ငန်းများအား ဦးစားပေးအဆင့်အလိုက် ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ခရိုင်ပြန်/ဆက်)