ထန်းတပင်(ရန်ကုန်) ဇွန် ၁၆
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်း ဇွန်လ(၂)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းသတ်မှတ်စုရပ်နေရာများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ(၂၀၅၉၄)ဦးထိရှိကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထန်းတပင်မြို့နယ်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ကြား အသက်အရွယ်ရှိသည့်ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း အခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ သတ်မှတ်စုရပ်တို့တွင် ထိုးနှံပေးခြင်းဖြစ်ပြီး အခြေခံပညာကျောင်း(၁၄၉)ကျောင်းမှ ကျောင်းသား(၁၀၂၁၄)ဦးနှင့် ကျောင်းသူ(၁၀၃၈၀)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၀၅၉၄)ဦးတို့ကို ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျက်ရှိသလို ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပြီး ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများကသတ်မှတ်ထားသည့် ဆေးထိုးစုရပ်များအလိုက်ကြီးကြပ်ကာ ရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများအလိုက် ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)