သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ဆက်လက်ထိုးနှံ 

သာကေတ ဇွန် ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့်ရရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinopharm)အား ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၁၉၅) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။

သာကေတမြို့နယ်ရှိ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် (Sinopharm)အား ဆက်လက်ထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀)  နာရီမှ ညနေ (၃:၀၀)နာရီအထိ ၆/အနောက်ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းနှင့် ၆/အရှေ့ရပ်ကွက်ရှိ အမှတ်(၃၀)အခြေခံပညာမူလတန်းကျောင်းများတွင် ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ  (၄၆၈) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးညီညီအောင် လမ်းညွှန်စံမံမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး သာကေတမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်း (၆) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈) ကျောင်းရှိ အသက် (၅) နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် အသက်(၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ