ဝမ်းတွင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

ဝမ်းတွင်း ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာမှ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့်မီးသတ်ပညာ စက်ကြီးလေ့ကျင့်သရုပ်ပြခြင်းများကို ယနေ့နံနက် (၇)နာရီအချိန်ကမြို့နယ် မီးသတ်စခန်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းမှ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် များကျရောက်ပါက လျှင်မြန်စွာကူညီဆောင်ရွက်နိုင်ရန်၊ တပ်ဖွဲ့ဝင်များအား မီးသတ်ဥပဒေ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်တက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်သရုပ်ပြလေ့ကျင့်မှု များကိုအပတ်စဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မီးသတ်ပညာစက်ကြီး/ စက်ကလေးလေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလေ့ကျင့် သရုပ်ပြမှုများကိုဆောင်ရွက်ခြင်း၊ လက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ကျင့်ဝတ်နှင့်မီးသတ်ဥပဒေစသည့်များကို လေ့ကျင့်သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ် မီးသတ်ဦးစီးမှုး ဦးစိုးထွန်းဦးဆောင်၍ မီးသတ်စခန်းတာဝန်ခံအရာရှိများ၊ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရဲမျိုးသက်(ဝမ်းတွင်း)