လားရှိုး ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာရောဂါများ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဆိုးကျိုးများအပြင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောမူးယစ်ဆေးဝါးကို ရှောင်ရှားကြစေရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစွာလာရောက်အသုံးပြုနိုင်ရန်နှင့် လူမှုကွန်ယက်မီဒီယာများအား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ဆွေးနွေးဟောပြောပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး