မိုင်းနောင် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် စာပေချစ်သူအသင်းဝင်များစုပေါင်း၍ နံနက်(၁၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နန်းမီးကစာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြီးအမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ပေးသည့် ဥပဒေများအကြောင်းကို ဟောပြောပေးကာ စာပေချစ်သူအသင်းဝင်များမှ မိမိတို့ဖတ်ရှု၊ လေ့လာမှတ်သားခဲ့သောစာအုပ်၊ စာစောင်များမှ အသိပညာဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေဖလှယ်ခဲ့သည်။
ယခုစာဖတ်ဝိုင်းသို့ စာပေချစ်သူအသင်းဝင်(၁၂)ဦးပါဝင်၍ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ပေးသည့်ဥပဒေများ၊ အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ကြိုးစားလိုက်နာကျင့်ကြံရမည့်နည်းလမ်းများ၊ စာရေးဆရာဦးဘုန်း(ဓာတု)၏ အဖေ့အိမ်၊ မောင်စည်သူ(အဖျောက်)၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကလေးဝတ္တုတိုများအကြောင်း အားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)