လားရှိုး ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက်(၁)၊နယ်မြေ(၁)၊ နယ်စပ်သာသနာပြု ပါရမီကျောင်းတိုက်၌ ဇွန်လ(၁၆)ရက်နံနက်(၁၀)နာရီအချိန်က သတ္တမအကြိမ်မြောက် မဟာသမယသုတ် ဒေသနာတော်နှင့် အသံမစဲမဟာပဌါန်းရွတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကျင်းပကြောင်း သိရှိရသည်။
ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်မျာကဦးဆောင်ကာ “နမောတဿ သုံးကြိမ်” ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ(အဂ္ဂမဟာပန္တိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်လုပ်ငန်းရှင်များကပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္တုများဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ရေစက်သွန်းချအမျှဝေခဲ့ ကြပါသည်။
နယ်စပ်သာသနာပြု ပါရမီကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော်မှ အောင်ဂါထာ ရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ ရွှေမိုးငွေမိုးကြဲ၍ အခမ်းအနားရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လားရှိုးမြို့ နယ်စပ်သာသနာပြု ပါရမီကျောင်းတိုက်၌ သတ္တမအကြိမ်မြောက် မဟာသမယသုတ်ဒေသနာတော်နှင့် အသံမစဲမဟာပဌါန်းရွတ်ပူဇော်ပွဲကို ဇွန်လ(၁၃)ရက်နေ့မှ ဇွန်လ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)