တောင်ဥက္ကလာပ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရန်၊ စဉ်စားတွေးခေါ်တတ်စေရန်၊ ယနေ့ခေတ် လူငယ်လူရွယ်များ၏ အကျင့်စိတ်ဓာတ်နှင့် စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စား ဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်အား သိရှိရှောင်ရှားရန်၊ လူငယ်များမူးယစ်ဆေးဝါးနှင့် ပက်သတ်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါး အန္တရာယ်မကျရောက်စေရန်အတွက် “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
စာစီစာကုံးပြိုင်ပွဲသို့ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ဆုရရှိသူများအား ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)