တာချီလိတ် ဇွန် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာချီလိတ်မြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါ်မင်းမင်းသာက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်တာဝန်ခံ ဦးချစ်ဇော်က တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တွေ့ဆုံပွဲတက်ရောက်လာကြသည့် ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ်း၊ ဗမာ၊ လီဆူ၊ ကရင်၊ ရခိုင် စသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များက စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)